Saturday, March 12, 2011

ပုံပြင်တစ်ပုဒ်

  ရှေးရှေးတုန်းက ပေါ့၊ တောလမ်းခရီးမှာ ခရီးသွားသူငယ်ချင်း နှစ်ယောက် ခရီးသွားနေခဲ့ကြတယ်။ ရှေးတုန်း
က ဆိုတော့ အခုလို ကားတို့ ၊ဆိုင်ကယ်တို့  မရှိလို့  တရပ်တရွာများသွားယင်ဖြင့် လှည်း နဲ့ သွားယင်သွား
မသွားချင်ယင်တော့ လမ်းလျှောက်သွားကြရတာပေါ့။
   ထမင်းထုပ်လေး တွေကိုယ်စီနဲ့  အတူ သူငယ်ချင်း နှစ်ယောက် စကားတပြောပြော နဲ့ တောအုပ်တစ်ခုကို
ဖြတ်သန်းလာခဲ့ ကြသတဲ့။ တောဟာ တဖြေးဖြေး နက်သထက်နက်လာတာ မို့  လဲ သူငယ်ချင်းနှစ်ဦးဟာလဲ
ကြောက်ပေမယ့် အရဲစွန့် ပြီးတော့ သွားနေကြရတာပေါ့။
    အဲသလိုအချိန်မှာပဲ တောစပ်တနေရာကနေပြီး “ ၀ုန်း” ဆိုပြီး ဧရာမ၀ံကြီးတစ်ကောင် ထွက်ပေါ်လာသတဲ့။
အဲဒီ ၀ံဟာလဲ အရွယ်အစားကလည်း ကြီးပြီးတော့ လက်သည်းကြီးတွေကလည်း အရှည်ကြီးပဲတဲ့။ ဆိုပါတော့
အနီးအနား ကို မရောက်ခင်မှာ တော့ သူငယ်ချင်းနှစ်ဦးထဲ က တစ်ဦးဟာ ဖြုန်းခနဲ ဘာမပြောညာမပြော နီးရာ သစ်ပင်ပေါ်ကို ပြေးတက်သွားပါလေရော။
     ဒါနဲ့ ကျန်တဲ့သူငယ်ချင်း တစ်ဦးကတော့ ဘာလုပ်ရမယ်မှန်းမသိတာနဲ့ တင် မြေပြင်ပေါ်ပက်လက်လှန်ချပြီးတော့ မျက်လုံး ကို မှိတ်ကာ အသက်ရှူတာကို အောင့်ထားလိုက်ရသတဲ့။
ဝံ ဟာလည်းပဲ မြေပြင်ပေါ်က အသက်အောင့်ထားတဲ့သူ အနားကပ်ပြီးတော့ အနံ့ ရှူကြည့်သွားတယ်ထင်ပါရဲ့ သစ်ပင်ပေါ်က သူငယ်ချင်းကလည်း ပဲ မြေကြီးပေါ်က သူ ကို လှမ်းကြည့်လိုက်တော့ ၀ံကောင်ကြီးဟာ ကိုက်စားတော့မယောင်ထင်ရပေမယ့် လည်း ဘာမှ အန္တာရယ်မပြုပဲပြန်လှည့်ထွက်သွားလေသတဲ့။
      အတော်လေးကြာမှ သစ်ပင်ပေါ်က လူကဆင်းလာပြီးတော့ မြေကြီးပေါ်က လူကို မေးကြည့်လိုက်သတဲ့။
“ ဟေ့ လူ ခင်ဗျား နားကို ကပ်ပြီး ၀ံကောင်ကြီး ဘာတွေပြောသွားတာလဲ ” တဲ့ 
ဒါနဲ့ ပဲ မြေပြင်ပေါ်က လူကလည်းပဲ
 “ အရေးအကြောင်း ဒုက္ခရောက်ချိန် ကိုယ့်ကို ပစ်ပယ်ထွက်ပြေးတတ်တဲ့သူ နဲ့  ခရီးအတူမသွားနဲ့ ” လို့  ပြောသွားတယ်ကွ ။  ပြန်ပြောပြလိုက်ပြီးတော့ လမ်းခွဲကာ တစ်ယောက်တစ်လမ်းစီ သွားခဲ့ ကြလေသတဲ့။

ဖတ်ဖူးတဲ့ ပုံပြင်လေး ကို ပြန်လည်မျှဝေလိုက်ပါတယ်။

No comments:

Post a Comment